Dinsdag 02 September 2014

မကာအို ၄၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲတွင် ဆုရရှိသူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မကာအို၌ ဩဂုတ်လ (၂၈)ရက်မှ စက်တင်ဘာလ (၁)ရက်အထိ ကျင်းပခဲ့သော (၄၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရ အားကစားသမားများသည် စက်တင်ဘာလ (၂)ရက်နေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သက်နှင့် အမှုဆောင်များ၊ တာဝန်ရှိသူများနှင့် အားကစားသမားများက ကြိုဆိုကြသည်။ အဆိုပါ ပြိုင်ပွဲ၏ ကာယဗလ (၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ ထွန်းမင်း(မြန်မာ)၊ ဒုတိယ ဗီယက်နမ်၊ တတိယ အိန္ဒိယ တို့ကလည်းကောင်း၊ (၆၅)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ ထိုင်း၊ တတိယ မွန်ဂိုလီးယား၊ စတုတ္ထ အောင်ခိုင်ဝင်း(မြန်မာ) ကလည်းကောင်း၊ အမျိုးသမီး ကာယကြံ့ခိုင်မှု (၁၆၀)စင်တီမီတာ (Athlatic Physigue) ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ ထိုင်း၊ တတိယ အေးအေးစိုး(မြန်မာ) ကလည်းကောင်း ဆုများအသီးသီး ရရှိကြသည်။ ကာယဗလ (၆၀)ကီလိုတန်း ပြိုင်ပွဲတွင် နိုင်ငံပေါင်း(၂၄)နိုင်ငံ၊ (၆၅)ကီလိုတန်းတွင် (၁၀)နိုင်ငံ၊ ကာယကြံ့ခိုင်မှု (၁၆၀)စင်တီမီတာ (Athlatic Physigue) တွင် နိုင်ငံပေါင်း (၂၉)နိုင်ငံမှ အားကစားသမား (၃၅၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ အာရှကာယဗလ တံခွန်စိုက်ဆုကို အီရန်နိုင်ငံက လည်းကောင်း၊ ကာယကြံ့ခိုင်မှု တံခွန်စိုက်ဆုကို ဗီယက်နမ်က လည်းကောင်း အသီးသီး ဆွတ်ခူးသွားသည်။ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ၊ အတွင်းရေးမှူး ဦးကျော်သန်း (အုပ်ချုပ်သူ)၊ အမှုဆောင် ဒေါ်ရီရီဝင်း(ဒိုင်)၊ ဦးအောင်နိုင်(နည်းပြ)နှင့် အားကစားသမားများ ပြန်လည် လိုက်ပါလာကြောင်း သိရသည်။


Geen opmerkings nie:

Plaas 'n opmerking