Vrydag 25 Julie 2014

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံခြား သံတမန် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ရှင်းလင်းပွဲ အခမ်းအနား

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံခြား သံတမန် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၄)ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာ ခန်းမတွင် ကျင်းပခဲ့ပါသည်။


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ နိုင်ငံတော် ပြုပြင် ပြောင်းလဲမှုအား တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ရက် နံနက်တွင် မန္တလေးမြို့ရှိ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေမှ ပြောကြားသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ

International Technical Advisory Board ( ITAB )အဖွဲ့ကြီးနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့ရဲ့ ပြည်လုံးကျွတ်  သန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ Fourth In Country Meeting of  ITAB  On The 2014 Myanmar Census ကို ဇူလိုင်လ(၂၄)ရက်နေ့က နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။


Overview of U.S Higher Education and United States Government Scholarship Programs အတွက် ဟောပြောပွဲ

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ Overview  of  U.S  Higher Education and  United  States  Government Scholarship  Programs အတွက် ဟောပြောပွဲကို ကျင်းပခဲ့သည်။


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်မှုအတွင်း ပါလက်စတိုင်းလူမျိုးများ သေဆုံးသူဦးရေဟာ (၇၆၀)ကျော်ရှိသွားပြီဖြစ်

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်မှုအတွင်း ပါလက်စတိုင်းလူမျိုးများ သေဆုံးသူဦးရေဟာ (၇၆၀)ကျော်ရှိသွားပြီဖြစ်ရာ ဘရာဇီးနိုင်ငံဟာ အခုသီတင်းပတ်မှာ အစ္စရေးနိုင်ငံမှ ၄င်းတို့ရဲ့ သံတမန်များကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ တဲအဗီးလ်မှ သံတမန်များ ပြန်လည်ခေါ်ယူမှုဟာ အီကွေဒေါပြီးလျင် ဘရာဇီးနိုင်ငံဟာ လက်တင်အမေရိက နိုင်ငံများမှာ ဒုတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ အစ္စရေး-ပါလက်စတိုင်းကြား အကြမ်းဖက်မှုဟာ မြင့်တက်လာကြောင်း ဘရာဇီးနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ စစ်မက်ဖြစ်ပွား လာနိုင်တဲ့အတွက် ဂါဇာဒေသရှိ အစ္စရေးတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံမှ မဲပေးခဲ့တဲ့အပြင် အစ္စရေးရဲ့လုပ်ရပ်ဟာ အလွန်စိတ်ပျက်စရာ ကောင်းကြောင်း အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရှိရပါသည်။



အယ်လ်ဂျီးရီးယား ပို့ဆောင်ရေးဝန်ကြီး အယ်လ်ဂျီးရီးယား လေယာဉ်(အေအိတ်၅၀၁၇)ဟာ မာလီမြောက်ပိုင်းကို ဖြတ်ပြီး ပျံသန်းစဉ် ပျောက်ဆုံးသွားမှုကို အတည်ပြု

အယ်လ်ဂျီးရီးယား ပို့ဆောင်ရေးဝန်ကြီး (အာမာ ဂူးလ်)က အယ်လ်ဂျီးရီးယား လေယာဉ်(အေအိတ်၅၀၁၇)ဟာ မာလီမြောက်ပိုင်းကို ဖြတ်ပြီး ပျံသန်းစဉ် ပျောက်ဆုံးသွားမှုကို အတည်ပြုခဲ့ပြီး ၄င်းလေယာဉ်ဟာ ပျက်ကျခြင်းလား ခြေရာပျောက်သွားခြင်းလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးကြောင်း ဇူလိုင်လ (၂၄)ရက်နေ့က ပြောကြားခဲ့ပါသည်။ ၄င်းလေယာဉ်ပေါ်မှာ စပိန်နိုင်ငံသား လေယာဉ်အမှုထမ်း (၆)ဦးအပါအဝင် လူပေါင်း(၁၁၆)ဦး ပါဝင်ပြီး ကြာသပတေးနေ့ အစောပိုင်းက အယ်လ်ဂျီးရီးယားနယ်စပ်ရဲ့ တောင်ဘက်(၅၀ဝ) ကီလိုမီတာအကွာရှိ (ဂါအို)ကိုဖြတ်ပြီး ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါသည်။ မာလီမှ တာဝန်ရှိသူများက အပျက်အစီး တစ်စုံတစ်ခုတွေ့ရှိမှသာ လေယာဉ်ပျက်ကျတယ်လို့ ယူဆနိုင်ကြောင်းနှင့် (ဂူလ်း)မှလည်း လေယာဉ်ပျက်ကျတယ်လို့ သက်သေပြနိုင်မဲ့ သဲလွန်စ အခိုင်အမာ မရှိသေးကြောင်း ပြောကြားခဲ့ပါသည်။ အယ်လ်ဂျီးရီးယား အစိုးရဟာ အရေးပေါ် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံပေါင်းစုံမှ အဖွဲ့များနှင့် ပူးပေါင်းကာ ၄င်းလေယာဉ်ကို ရှာဖွေသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။


နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့ရဲ့ အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ရန် ဥရောပသို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ရာကို ပို့ဆောင်ပေးမှာဖြစ်

ဩစတြေးလျနိုင်ငံဟာ မလေးရှားလေယာဉ် (အမ်အိတ်၁၇) ပျက်ကျရာနေရာ ဘေးအန္တရာယ် ကင်းရှင်းဖို့အတွက် နယ်သာလန်နိုင်ငံက ဦးဆောင်သည့် နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့ရဲ့ အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ရန် ဥရောပသို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ရာကို ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ဇူလိုင်လ (၂၅)ရက်နေ့မှာ ပြောကြားလိုက်ပါသည်။ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင် (အေအက်ဖ်ပီ)အဖွဲ့မှ အရာရှိ(၉၀)ဟာ ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနဲ့ ဆွေးနွေးဖို့အတွက် ယူကရိန်းလွတ်တော်ရဲ့ သဘောတူညီချက်ရရန် လန်ဒန်မှာ စောင့်ဆိုင်းနေကြတာ ဖြစ်ကြောင်း သိရှိရပါသည်။


တရုတ်တက္ကသိုလ်မှ ထိပ်တန်းကွန်ပျူတာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ လူတွေရဲ့ မျက်နှာကို အတိအကျ မှတ်သားထားနိုင်တဲ့ ဆော့ဝဲကို တီထွင်ခဲ့

ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်မှ ထိပ်တန်းကွန်ပျူတာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ယခုနှစ်ဧပြီလ နှောင်းပိုင်းမှာ လူတွေရဲ့ မျက်နှာကို အတိအကျ မှတ်သားထားနိုင်တဲ့ ဆော့ဝဲကို တီထွင်ခဲ့ကြောင်း သိရပါသည်။


အမေရိကန်နိုင်ငံ ဆန်ဒီယေးဂိုး (ကွန်ဗန်းရှင်းစင်တာ)တွင် ကာတွန်းနှင့် သက်ဆိုင်သည့် ညီလာခံ (ကိုမစ်ကွန်)ကို ဖွင့်လှစ်ခဲ့

အမေရိကန်နိုင်ငံ ဆန်ဒီယေးဂိုး (ကွန်ဗန်းရှင်းစင်တာ)မှာ ဇူလိုင်လ (၂၄)ရက်နေ့က ကာတွန်းနှင့် သက်ဆိုင်သည့် ညီလာခံ (ကိုမစ်ကွန်)ကို ဖွင့်လှစ်ခဲ့ရာ ကာတွန်းပရိတ်သတ် ပေါင်းများစွာဟာ အထူးဝတ်စုံများနှင့် (စူပါဟီးရိုးတီရှက်)များကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြတယ်လို့ သိရပါသည်။ (ကိုမစ်ကွန်)ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရွှင်မြူးဖွယ်ဟာသများကို စုစည်းပြီး လူကြိုက်များလှတဲံ ဇာတ်ကောင်များဖြင့် ပွဲဦးထွက်တင်ဆက်ကာ တီဗီမှာပြသနိုင်မဲ့ အထူးဇာတ်လမ်းတွဲများအဖြစ် ဖန်တီးပေးမှာဖြစ်ပါသည်။ ကာတွန်းပရိတ်သတ် (၆ထောင်)ကျော်ဟာ နောက်ထပ်အသစ် ထွက်ရှိလာမဲ့ ကာတွန်းဇာတ်လမ်းတွဲများနှင့် ပတ်သတ်ပြီး ဒါရိုက်တာများနှင့် သရုပ်ဆောင်များရဲ့ စကားသံများကို စိတ်ဝင်တစားဖြင့် စောင့်ဆိုင်း နားထောင်ခဲ့ကြပါသည်။ လေးရက်ကြာ ကျင်းပတဲ့ ၄င်းညီလာခံကို ကျင်းပခဲ့တာဟာ (၄၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ဆန်ဒီယေးဂိုးမှ လူပေါင်း(၁၂၅၀ဝ၀)ကို ဆွဲဆောင်နိုင်ခဲ့ကာ ယခုနှစ်ပွဲကိုတော့ ဇူလိုင်လ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါသည်။


အမေရိကန်ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယား၊ ဒါဘီရှိ မာစီ-ဖစ်ဇ်ဂါရဲလ်ဒ် ဆေးရုံတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယား၊ ဒါဘီရှိ မာစီ-ဖစ်ဇ်ဂါရဲလ်ဒ် ဆေးရုံမှာ လူသုံးဦးဟာ ပစ်ခတ်တိုက်ခိုက်မှုခံရပြီး လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း (အန်ဘီစီ)မှာ သတင်းထုတ်ပြန်ခဲ့ပါသည်။  (ဖီလာဒဲလ်ဖီးယား)ရဲ့ အနောက်ဘက် ၇မိုင်ခန့်အကွာမှာရှိတဲ့ ၄င်းဆေးရုံရဲ့ ပြန်လည်ထူထောင်ရေး စင်တာအတွင်းရှိ စိတ်ဝေဒနာရှင် လူနာတစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်ြ့ပီး ဆေးရုံဝန်ထမ်း သေဆုံးခဲ့ကာ ဆရာဝန်တစ်ဦးမှာတော့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။  ဒဏ်ရာရခဲ့တဲ့ ဆရာဝန်ဟာ ၄င်းရဲ့ ကိုယ်ပိုင်သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ကွေ့ကျိုးပြည်နယ် ကွေ့ယန်းရှိ ကောက်ပဲသီးနှံ ဈေးထဲတွင် ငါးကီလိုဂရမ်ခန့် အလေးချိန်ရှိတဲ့ မြေကြွက်ကြီး တစ်ကောင်ဖမ်းမိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်းရှိ ကောက်ပဲသီးနှံ ဈေးထဲမှာ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ငါးကီလိုဂရမ်ခန့် အလေးချိန်ရှိတဲ့ မြေကြွက်ကြီး တစ်ကောင်ဖမ်းမိခဲ့တယ်လို့ သိရပါသည်။ ၄င်းမြေကြွက်ကြီးကို ဟန်မျိုးနွယ် လူတစ်ဦးက တွေ့ခဲ့တာဖြစ်ပြီး ကျွန်တော်တို့တွေ လှောင်အိမ်နဲ့ ဖမ်းခဲ့ပါတယ်လို့ ၄င်းကပြောပါသည်။ ဈေးအတွင်းရှိ လူများ အလုပ်သမားများ လာရောက်ကြည့်ရှုခဲ့ကြပြီး ပထမတော့ အဲဒီ့သတ္တဝါက ဘာကောင်လဲဆိုတာတောင် တစ်ဦးမှမသိဘဲ ဖြစ်ခဲ့ပါသည်။ ( ) တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ အရှေ့အာရှဒေသ ထက်ဝက်လောက်မှာ တွေ့ရပြီး ကြံပင် ပီလောပီနံစတဲ့ အပင်တွေရဲ့ အမြစ်ကို စားသုံးတဲ့ (ဘမ်ဘူရက်တ်)ဖြစ်တယ်လို့ အတည်ပြုခဲ့ပါသည်။ အခုဆိုရင် တရုတ်နိုင်ငံမှာ လူအတော်များများကြား စီးပွားရေးနဲ့ ဆေးဘက်ဝင်အဖြစ် မွေးမြူကြတယ်လို့ သိရှိရပါသည်။


အားကစားသတင်း (၂၅-၇-၂၀၁၄)


နိုင်ငံတော်အစိုးရအနေနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်

နိုင်ငံတော်အစိုးရအနေနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  (၇၀)ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးဌာန တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနဲ့ ပေါင်းစပ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှောချရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင် အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာတဲ့ ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များအရ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နဲ့ မိသားစုဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ချက်နဲ့ မြစိမ်းရောင်းကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒီကနေ့မှာတော့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ အော့စ်ဖမ် နိုဗစ် တို့ ပူးပေါင်းဖွင့်လှစ်တဲ့ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စီမံခန့်ခွဲမှု ဆရာဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ ကျေးလက်နေပြည်သူတွေကို အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေ ထုတ်ချေးပေးမှာဖြစ်ပြီး ငွေချေးယူများအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုများနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်နိုင်မှာဖြစ်ပြီး မိသားစုဝင်ငွေ တိုးတက်မြင့်မားလာစေမှာ ဖြစ်ပါသည်။ (၅)ရက်ကြာဖွင့်လှစ်မယ့် ဒီသင်တန်းမှာ ဘယ်လို အကြောင်းအရာတွေကို ပို့ချသွားမယ် ဆိုတာနဲ့ပတ်သက်ပြီး သင်တန်းနည်းပြမှ ပြောပြခဲ့သလို မြစိမ်းရောင် စီမံချက်ကြောင့် အဆင်ပြေမှုတွေ ရရှိတယ်လို့လည်း သင်တန်းသူတစ်ဦးက အခုလိုပြောပါသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စီမံခန့်ခွဲမှု ဆရာဖြစ်သင်တန်းကို ဇူလိုင်လ (၂၉)ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့ သိရပါသည်။


နိုင်ငံတော်ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ

နိုင်ငံတော်ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ဇူလိုင်လ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းမှ အမှာစကား ပြောကြားခဲ့သည်။ 


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ ဇူလိုင်လ (၂၃)ရက်နေ့ မနက်က နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အစိုးရအဖွဲ့အနေနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးမှာ အခြေခံအုတ်မြစ် ခိုင်မာအောင် ဆောင်ရွက်ပေးရမည့် တာဝန်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့် တာဝန်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမဲ့ တာဝန်တို့ကို ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို တင်ပြပေးရန်နှင့် တင်ပြချက်များ အပေါ် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ အဲဒီနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီးတို့၏ တိုးတက်မှုများနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူးများ က ဒေသတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ် (၉)မြို့နယ်မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီဝင်တို့က ဒေသတွင်းလိုအပ်သော လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ပြန်လည်ဆွေးနွေးကြပါသည်။ အဲဒီနောက် ပြည်နယ်အစိုးရအဖွဲ့က မြို့နယ် (၉)မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၄၀ဝ) စီဖြင့် စုစုပေါင်း ငွေကျပ် သိန်း (၃၆၀ဝ)ကို လည်းကောင်း၊ ကျောင်းသုံးဗလာ စာအုပ် ဒါဇင် (၃၀ဝ)စီဖြင့် ဒါဇင်ပေါင်း (၂၇၀ဝ) ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှုများတွင် အသုံးပြုရန် အလှူငွေ ပေးအပ်လှူဒါန်းပွဲ

မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှုများတွင် အသုံးပြုရန် အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ (၂၄)ရက်နေ့က မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမမှာ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် က တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် စီမံဆောင်ရွက်မှုများ၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် အဆောက်အဦးနှင့် ကျန်းမာရေးဆိုင်ရာ ခေတ်မီ စက်ကိရိယာ ပစ္စည်းများ ဖြည့်ဆည်းပြီး ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေမှု နှင့် ကျန်းမာရေးအတွက် ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပါသည်။ အဲဒီနောက် မန္တလေးမြို့ နေ အလှူရှင် ဦးသက်ဝေ၊ ဒေါ်ကြည်မေ (အေးရှ အင်နာဂျီ ကုမ္ပဏီ လီမိတက်) မိသားစုတို့မှ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျန်းမာရေး စောင့်ရှောက်မှုများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း(၁)ထောင် ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာမောင်ဝင်း က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ပါသည်။


ဓမ္မသိင်္ဂီသုံးထပ် အမျိုးသမီးယောဂီဆောင် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ပရိယတ္တိ ပဋိပတ္တိ စာတိုက်ကုန်း မဏ္ဍလာ ရာမ ကျောင်းတိုက်အတွင်း အသစ်တည်ဆောက်မည့် ဓမ္မသိင်္ဂီသုံးထပ် အမျိုးသမီးယောဂီဆောင်  ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ဇူလိုင်လ (၂၅)ရက်နေ့ နံနက်တွင် အဆိုပါ ကျောင်းတိုက်ရှိ မဏ္ဍလာ ဓမ္မဗိမာန်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက လှူဘွယ်ဝတ္တု ပစ္စည်းများကို နိုင်ငံတော်သံဃ မဟာနာယက ဗဟိုဝန်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များထံ ဆက်ကပ် လှူဒါန်းသည်။ 


အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ လုပ်ငန်းစတင် ထူထောင်နိုင်ရေး အစုအဖွဲ့နှင့် မန္တလေးတိုင်း SME Agency အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေး

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ လုပ်ငန်းစတင် ထူထောင်နိုင်ရေး အစုအဖွဲ့နှင့် မန္တလေးတိုင်း SME Agency အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၅)ရက်နေ့ မနက်က မန္တလေးတိုင်း ဒေသကြီး စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ကျင်းပသည်။


အာရှလူငယ် ဝူရှူး အားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမယ့် လူငယ် ဝူရှူးလက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှု

ဩဂုတ်လ (၁၆)ရက်မှ (၂၈)ရက်နေ့အထိ တရုတ်နိုင်ငံ ၊ နန်ကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် အာရှလူငယ် ဝူရှူး အားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမယ့် လူငယ် ဝူရှူးလက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုများကို မြန်မာ့ရုပ်မြင်သံကြား နေပြည်တော် အားကစား သတင်းအဖွဲ့က အခုလို ပေးပို့ထားပါသည်။


Dinsdag 22 Julie 2014

ပြည်ထောင်စု ဝန်ကြီးဦးခင်ရီ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ မိုးပွင့်အဆင့် (၆) စီမံချက်ဖြင့် ကွင်းဆင်းထုတ်ပေး ဆောင်ရွက်နေမှုကို ကြည့်ရှု

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီသည် ဇူလိုင်လ(၂၀)ရက် မနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကိုးဆူစံပြကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ပုသိမ်မြို့နယ် ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မိုးပွင့်အဆင့် (၆) စီမံချက်ဖြင့် ကွင်းဆင်းထုတ်ပေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပါသည်။ 

စွမ်းအင်ကဏ္ဍ ရှေ့လုပ်ငန်းစဉ်များနှင့် ပြုပြင်ဆောင်ရွက် သင့်သည်များ အမျိုးသားအဆင့် ဆွေးနွေးဖော်ထုတ်ခြင်း အခမ်းအနား

စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဒေသအဆင့်နှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်များအပေါ် ဆက်လက် အကောင်အထည်ဖော်ခဲ့ရာ လက်ရှိ အချိန်ထိ ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိမှု၊ နောက်ဆုံး တိုးတက်မှု အခြေအနေတို့ကို နှစ်ဝက် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ၍ ရှေ့လုပ်ငန်းစဉ်နှင့် ပြုပြင်ဆောင်ရွက် သင့်သည်များကို ဆွေးနွေးဖော်ထုတ်ခြင်း ဖြစ်ပါကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် က ဇူလိုင်လ (၂၁)ရက်နေ့က စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည့် စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍ ရှေ့လုပ်ငန်းစဉ်များနှင့် ပြုပြင်ဆောင်ရွက် သင့်သည်များ အမျိုးသားအဆင့် ဆွေးနွေးဖော်ထုတ်ခြင်း ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ် မြေယာအသုံးချမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ် မြေယာအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ ပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီဝင်များမှ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃)နှင့် အပိုင်း(၅)ပါ မြေယာအမှု ကိစ္စများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ(၂၁)ရက်နေ့က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမမှာ ကျင်းပပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ရခိုင်ပြည်နယ် အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခဲ့မှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် ပြည်သူ့လွှတ်တော် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် ပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီက ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ သိမ်းဆည်း လယ်ယာမြေများအား မူလပိုင်ရှင်များသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး အတွက် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အဓိကရည်ရွယ်ချက်ဖြင့် လာရောက်ညှိနှိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။ အဲဒီနောက် ပြည်နယ်မြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ် မြေစာရင်း ဦးစီးမှူးက ပြည်သူ့လွှတ်တော် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃)နှင့် အပိုင်း(၅)ပိုင်းပါ  မြေယာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နဲ့ ပြည်နယ်စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီးတို့မှ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

စင်္ကာပူအခြေစိုက် ရိုးဒ် အန် ရှဝါ့ဇ် ကုမ္ပဏီ လီမိတက် မှ (DVB -T2) နှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ နိုင်ငံတွင်းမှာ ဒစ်ဂျစ်တယ် ပြောင်းလဲရေး ပြုလုပ်တဲ့အခါမှာ ရွေးချယ်ထားတဲ့ (DVB- T2 Digital) စနစ် နည်းပညာပိုင်းဆိုင်ရာ အသိပညာ ရရှိစေရန်အတွက် စင်္ကာပူအခြေစိုက် ရိုးဒ် အန် ရှဝါ့ဇ် ကုမ္ပဏီ လီမိတက် မှ (DVB -T2)  နှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပါသည်။ 

Maandag 21 Julie 2014

နယ်သာလန်နိုင်ငံမှ ကျွမ်းကျင်သူများဟာ ယူကရိန်းအရှေ့ပိုင်း လေယာဉ်ပျက်ကျရာ ရပ်ဝန်းသို့ ရောက်ရှိ

နယ်သာလန်နိုင်ငံမှ ကျွမ်းကျင်သူများဟာ ယူကရိန်းအရှေ့ပိုင်း လေယာဉ်ပျက်ကျရာ ရပ်ဝန်းသို့ (၂၁-၇-၁၄) ရက်နေ့က ရောက်ရှိခဲ့ပြီး နိုင်ငံသကာမှ အထူးကျွမ်းကျင်သူ ပညာရှင်များနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်ကာ နောက်ပိုင်းမှာ မလေးရှား ကျွမ်းကျင်သူများ ရောက်ရှိလာဖို့ မျှော်လင့်ကြောင်း ဒွန်းညက်စ်ရှိ ရုရှားလိုလားသူ ခွဲထွက်ရေး သမားခေါင်းဆောင်များက ပြောကြားလိုက်ပါတယ်။ အနောက်နိုင်ငံများကတော့ ခွဲထွက်သူတို့ရဲ့ ရုပ်အလောင်း ကိစ္စကိုင်တွယ်ပုံကို အမြင်မကြည်ခဲ့ပေမယ့် ရုပ်အလောင်း(၂၈၂)လောင်း အထိ ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး တိုရိဇ်သို့ အအေးပေးရထားတွဲများဖြင့် ပေးပို့ထားပြီဖြစ်ကြောင်း သိရပါသည်။ ယူကရိန်းအာဏာပိုင်များနဲ့ နိုင်ငံအရှေ့ပိုင်းမှ ခွဲထွက်ရေးသမားတို့ဟာ ကျွမ်းကျင်သူများကို လေယာဉ်ပျက်ကျရာရပ်ဝန်း အတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့် ပြုထားပေမယ့် တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့တဲ့ (၂၀-၇-၁၄) ရက်နေ့ကတော့ ယူကရိန်းအနေနဲ့ ခွဲထွက်သူများဟာ မလေးရှားလေယာဉ်ကို ပစ်ချခဲ့တဲ့ ရုရှားဒုံးကျည်နဲ့ ဆက်စပ်တဲ့ သဲလွန်စများကို ထိန်ချန်ထားကြောင်းနဲ့ ဗြိတိန်ကတော့ ရုရှားအနေနဲ့ ပိုမိုဆိုးဝါးတဲ့ စီးပွားရေးပိတ်ဆို့မှုများနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ချိန်းခြောက်ထားတယ်လို့ သိရှိရပါသည်။ ဥရောပလုံးဆိုင်ရာ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအက်စ်အီးစီ)ရဲ့ ပြောကြားချက်အရ ယူကရိန်းရဲ့ လုံခြုံရေးဟာ ဆယ်သွယ်မှုကဏ္ဍမှာ အခြေခံကျမှုအပေါ် မလေးရှားနိုင်ငံသူ နိုင်ငံသားတို့ စိုးရိမ်နေကြောင်းနဲ့ (အိုအက်စ်အီးစီ) တာဝန်ရှိသူများအနေနဲ့ အမ်အိတ်ခ်ျ(၁၇)ရဲ့ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို လက်ခံနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ 

(အမ်အိတ်ချ-၁၇) ကိုပစ်ချခဲ့သူကို ရိုးစွတ်မှုနဲ့ပက်သက်သည့် နိုင်ငံတကာ အငြင်းအခုန်မှု ပိုမို ကြီးထွား

ချီပိုးလ်လေဆိပ်တွင် သေဆုံးသူများကို ပန်းခွေချသူများတိုးလာသလို (အမ်အိတ်ချ-၁၇) ကိုပစ်ချခဲ့သူကို ရိုးစွတ်မှုနဲ့ပက်သက်တဲ့ နိုင်ငံတကာ အငြင်းအခုန်ကလည်း ကြီးထွားလာခဲ့ပါသည်။ ယူကရိန်းဝန်ကြီးချုပ်ကတော့ ယူကရိန်းအစိုးရနဲ့ တိုက်စစ်ဆင်နေတဲ့ ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားတို့နဲ့ ယှဉ်ရင် ရုရှားပါဝင်ပက်သက်မှုအပေါ် မိမိပိုမိုသေချာပါကြောင်းနဲ့ တိုက်ခိုက်သူများဟာ အထူးလေ့ကျင့်ထားသူများဖြစ်ပြီး မိမိအနေနဲ့ ငွေကြေး၊ လက်နက်နဲ့ ပညာပေးအစီအစဉ်များ ပေးစွမ်းနေသော သင်တန်းကို ရုရှားနယ်အတွင်း ဆောင်ရွက်နေကြောင်း သတင်းရရှိထားကြောင်း ပြောကြားလိုက်ပါသည်။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ အခုအနိဌာရုံကို နိုင်ငံရေးဆူးညှောင့်သဖွယ် အသုံးမပြုဖို သတိပေးထားပြီး အခုဖြစ်စဉ်ဟာ ပြည်သူများကို သွေးကွဲရမည့်အစား ပြန်လည်ပေါင်းစည်းစေပါလိမ့်မယ်။ အခုအနိဌာရုံကို အသုံးပြုပြီး ဘယ်သူကဘဲ မိမိတို့ရဲ့ သီးခြားတစ်ကိုယ်ကောင်းဆန်တဲ့ နိုင်ငံရေးပန်းတိုင်ကို ရယူခွင့်မရှိကြောင်း ပြောကြားလိုက်ပါသည်။ အခုအရေးမှာ အမေရိကန်က ရုရှားကို စွတ်စွဲမှုရပ်ဆိုင်းထားခဲ့ပေမယ့် မလေးရှားလေယာဉ် အမ်အိတ်ခ်ျ-၁၇ ပျက်ကျရာရပ်ဝန်းကို ထိန်းသိမ်းထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအပေါ် ဖိအားပေးဖို့ ပူတင်ရဲ့အစိုးရအဖွဲ့အပေါ် ပိုမိုတိုက်တွန်းလာကြောင်း သိရှိရပါသည်။

တရုတ်သမ္မတဟာ ဗင်နီဇွဲလား သမ္မတနှင့်အတူ အမျိုးသားဂူဗိမ္မာန်သို့ ရောက်ရှိ

တရုတ်သမ္မတရှီကျင်းဖျင်ဟာ ပြီးခဲ့တဲ့ (၂၀-၇-၁၄) ရက်နေ့က ဗင်နီဇွဲလားနိုင်ငံ ကရာကတ်စ်ရှိ တောင်အမေရိက လွတ်မြောက်ရေး ခေါင်းဆောင် ဆိုင်မွန်-ဘိုလီဗာရဲ့ ရုပ်ထုမှာ လွမ်းသူပန်းခွေ ချခဲ့ကြောင်း သိရပါသည်။ အမျိုးသားဂူဗိမ္မာန်သို့ ဗင်နီဇွဲလားသမ္မတ နီကိုးလတ်စ်-မဒူရိုနဲ့အတူ ရောက်ရှိခဲ့ပြီး ဆိုင်မွန်-ဘိုလီဗာရုပ်ထုဆီသို့ သမ္မတနှစ်ဦး လျှောက်လှမ်းချိန်မှာ လူငယ်တေးဂီတ အဖွဲ့ဟာ နှစ်နိုင်ငံအမျိုးသား သီချင်းများကို သံပြိုင်တီးခတ်ပေးခဲ့ပါသည်။ မဒူရိုက ရှီအား ဓါးရှည်ကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတရှီကျင်းဖျင်ဟာ လက်တင်-အမေရိက ခရီးစဉ်ရဲ့ တတိယခရီးစဉ်အဖြစ် ဗင်နီးဇွဲလားသို့ ရောက်ရှိခဲ့ပြီး စတုတ္တနဲ့ နောက်ဆုံး ခရီးစဉ်အဖြစ် ကျူးဘားသို့ သွားရောက်မှာဖြစ်ကာ ဘရာဇီးနဲ့ အာဂျင်တီးနားသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

နစ်မြှုပ်သွားခဲ့တဲ့ ကော့စတာ-ကွန်ကော့ဒီးယားရဲ့ ဦးပိုင်းကို မြင်တွေ့

ပြီးခဲ့တဲ့(၂၀-၇-၁၄) ရက်နေ့လည်ပိုင်းမှ (၂၁-၇-၁၄) ရက်နေ့ မနက်အထိ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတင် ဗီဒိယိုအရ နစ်မြှုပ်သွားခဲ့တဲ့ ကော့စတာ-ကွန်ကော့ဒီးယားရဲ့ ဦးပိုင်းကို မြင်တွေ့နေရပြီဖြစ်ကြောင်း သိရပါသည်။ ညခင်းမှဆယ်မယူခင်မှာတော့ တစ်ချိန်က အရောင်တလက်လက် ဝင့်ကြွားခဲ့တဲ့ သင်္ဘောကြီးရဲ့ ဦးပိုင်းဟာ သံချေးများနဲ့ ဖုံးအုပ်နေပြီး ဆယ်ယူမှု လုပ်ငန်းစဉ်များလည်း ပြီးစီးလုပြီဖြစ်ကြောင်း သိရပါသည်။ တန်ချိန် (၁)သိန်း(၁)သောင်းခွဲလောက်ရှိတဲ့ ကွန်ကော့ဒီးယားကို အခုလ(၁၄)ရက်နေ့က စတင် ဆယ်ယူခဲ့ပြီး ဆယ်ယူသူများကတော့ စပွန်ဆန်ခေါ် သတ္တုသေတ္တာများ အတွင်းကို လေများ ထည့်သွင်းခဲ့ကြကြောင်းနဲ့ ဒီသတ္တုသေတ္တာကြီးများက ပင်လယ်ရေအောက် (၇.၅)မီတာမှာ လဲလျောင်းနေတဲ့ ကွန်ကော့ဒီးယားကို ရေပြင်ပေါ်သို့ တွန်းပို့ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။ သင်္ဘောကြီး တစ်စင်းလုံးကိုတော့ ဒီကနေ့ (၂၂-၇-၁၄) ရက်နေ့မှာ ဆယ်ယူပြီးစီးဖို့ ခန့်မှန်းထားပေမယ့် ဆယ်ယူရေးအဖွဲ့ခေါင်းဆာင် နစ်စ်စလုန်းကတော့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် ကြန့်ကြာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။ ဂျီနိုအာကမ်းခြေအနီးမှ ဆယ်ယူခဲ့တဲ့ အခုလုပ်ငန်းစဉ်ဟာ ပင်လယ်တွင်းမှ ပြန်လည်ဆယ်ယူမှု လုပ်ငန်းစဉ်များ သမိုင်းမှာ ကြီးကျယ်တဲ့ လုပ်ငန်းစဉ်အဖြစ် ပါဝင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

ရှန်ဟိုင်းဟူစီ စားသောက်ကုမ္ပဏီဟာ လက်ဆတ်မှုမရှိတဲ့ အသားများ တင်ပို့ခဲ့ခြင်းကြောင့် လုပ်ကိုင်ခွင့် ပိတ်သိမ်းခံခဲ့ရ

မစ်ဒေါ်နယ်(ကေအက်ဖ်စီ)အင် ပစ်ဇာဟတ်ထ်လိုမျိုး စားသောက်ကုန်လုပ်ငန်းများသို့ အသားပေးပို့နေတဲ့ ရှန်ဟိုင်းဟူစီ စားသောက်ကုမ္ပဏီဟာ လက်ဆတ်မှုမရှိတဲ့ အသားများ တင်ပို့ခဲ့လို့ လုပ်ကိုင်ခွင့် ပိတ်သိမ်းခံခဲ့ရကြောင်း သိရပါသည်။ ရှန်ဟိုင်း အစားအသောက်နဲ့ ဆေးဝါးအဖွဲ့မှ စစ်ဆေးသူများဟာ ကျာတင်းမြို့နယ်ရှိ စက်မှုဇုန်သို့ စစ်ဆေးဖို့သွားစဉ် လုံခြုံရေး အစောင့်များက တားမြစ်ခဲ့ပြီး ကုမ္ပဏီ ကွန်ပြူတာများမှ အချက်အလက်များကို စစ်ဆေးစဉ်မှာလည်း ကွန်ပြူတာများကို ပိတ်ပစ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ထားပါသည်။ ယခုကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စု (အိုအက်စ်အိုင်) အဖွဲ့မှ အဖွဲ့ဝင် တစ်ခုဖြစ်ပြီး ယွမ်ငွေ(၅၀.၄၇)သန်း ရင်းနှီးမြှုပ်နှံထားသော ပြည်ပထောက်ပံ့ ကုမ္ပဏီ တစ်ခုဖြစ်တယ်လို့ သိရပါသည်။ (အိုအက်စ်အိုင်)ရဲ့ တရုတ်နိုင်ငံ လက်ခွဲ အထွေထွေ မန်နေဂျာကတော့ ကုမ္ပဏီမှာ တိကျတဲ့အရည်အသွေး စစ်ဆေးမှု့ရှိသလို စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်း ပါဝင်မှာဖြစ်ကြောင်း သိရှိရပါသည်။

အီတလီရှာဖွေရေးနဲ့ ကယ်ဆယ်ရေး စစ်ဆင်ရေးအဖွဲ့အနေနဲ့ မြေထဲပင်လယ်အတွင်း ရွေ့ပြောင်းသူများကို ကယ်ဆယ်

အီတလီရေတပ်ရဲ့ ပြောကြားချက်အရ အီတလီရှာဖွေရေးနဲ့ ကယ်ဆယ်ရေး စစ်ဆင်ရေးအဖွဲ့အနေနဲ့ မြေထဲပင်လယ်အတွင်း ရွေ့ပြောင်းသူ (၁)ထောင်(၇)ရာခန့်ကို (၂၁-၇-၁၄) ရက်နေ့က ကယ်ဆယ်ခဲ့ကြောင်း သိရပါသည်။ လူဝင်မှုကြီးကြပ်ရေးစခန်းများမှာ ပြည့်လျံနေတဲ့အပြင် သာယာလှတဲ့ နွေဦးပင်လယ်ပြင်ဟာ အီတလီသို့ လာရောက်ဖို့ ဆွဲဆောင်နေသဖွယ် ဖြစ်နေပြန်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနကတော့ နောက်ပိုင်း ဝင်ရောက်သူများအတွက် စစ်ရေးအခြေစိုက်စခန်းများကို ယာယီအိမ်ယာများအဖြစ် အသုံးပြုရန် ပြောကြားထားပါသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ရဲ့ ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး တွက်ချက်ကြည့်ရင် ရွေ့ပြောင်းသူ (၆)သောင်း(၆)ထောင် လောက် ပင်လယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်းနဲ့ ယခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်စဉ်မှာ ရွေ့ပြောင်းလာသူ (၅၀၀) ဝန်းကျင်လောက် သေဆုံးခဲ့ကြောင်း (ယူအန်အိတ်ခ်ျစီအာ)ရဲ့ ခန့်မှန်းချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားတောင်ပိုင်း ချီဖန်မြို့မှာ တောင်ပံပါ ပျံသန်းနိုင်သော ဝတ်စုံဖြင့် တင်ဆင်ပြသ

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားတောင်ပိုင်း ချီဖန်မြို့မှာ (၂၀၁၄) တရုတ်လေကြောင်းလိုင်း ပိုင်ရှင်များနဲ့ လေယာဉ်မှူးအဖွဲ့အစည်း (အေအိုပီအေ)တို့ (၂၁-၇-၁၄) ရက်နေ့က ပြုလုပ်တဲ့ လေကြောင်းတင်ဆက်မှု့မှာ တောင်ပံပါပျံသန်းနိုင်သော ဝတ်စုံဖြင့် တင်ဆင်ပြသခဲ့ရာ ကြည်ရှုသူအပေါင်းကို ရင်ဖိုစေခဲ့ပါသည်။ ဝတ်စုံဝတ်ဆင်ထားသူ ပျံသန်းသူအဖွဲ့(၃)ဖွဲ့ဟာ မီတာ(၂၀၀၀)အမြင့်ရှိ ရဟတ်ယာဉ်များပေါ်မှ ခုန်ဆင်းပြသခဲ့ကြပါသည်။ တောင်ပံပါ ဝတ်စုံဝတ်ဆင်ပျံသန်းမှုဟာ ကောင်းကင်အလွတ်ခုန်ခြင်း အားကစားနည်းမှ ဆင်းသက်လာပြီး တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပိုမိုရေပန်းစားလာခဲ့တာပဲဖြစ်ပါသည်။ ဒီပြပွဲကို (၁၈-၇-၁၄) ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး (၂၁-၇-၁၄) ရက်နေ့က ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

တိုကျိုမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် မိုမင်အမည်ရှိ အရုပ်ကလေးများဖြင့် ဝန်ဆောင်မှုပေး

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် မိုမင်လို့အမည်ရတဲ့ အရုပ်ကလေးများဖြင့် ဝန်ဆောင်မှုပေးနေပြီး ၎င်းအရုပ်ကလေးများဟာ တစ်ချိန်က အလွန်နာမည်ကြီးခဲ့တဲ့ ကာတွန်းဇာတ်ကောင်လေးများဘဲ ဖြစ်ပါသည်။ 

Maandag 14 Julie 2014

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို ဇူလိုင်လ (၁၄)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပပါသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ကို ဇူလိုင်လ (၁၄)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပပါသည်။

ဟားခါး ၆၆ ကေဗွီ ဓာတ်အားပို့လွှတ်မှု အခြေအနေ ပြည်သူလူထုသို့ ချပြရှင်းလင်းပွဲ ကျင်းပ

ဂန့်ဂေါ-ဟားခါး ၆၆ ကေဗွီ မဟာ ဓာတ်အားလိုင်း၊ ဟားခါး ၆၆ ကေဗွီ ဓာတ်အားခွဲရုံ မှ ဓာတ်အား ပို့လွှတ်မှု အခြေအနေအား ပြည်သူလူထုသို့ ချပြ ရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၁၁)ရက်နေ့ မွန်းလွဲ (၁)နာရီက က ဟားခါးမြို့ မြို့တော်ခန်းမ မှာ ကျင်းပပါသည်။ အခမ်းအနားတွင်  ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တက်ရောက် အမှာစကား ပြောကြားပါသည်။ ဆက်လက်ပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအုန်းကျော် က ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးမှ အခြေအနေနှင့် လိုက်နာ ဆောင်ရွက်ရန် အချက်များကို ချပြ ရှင်းလင်း ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူလူထုနှင့် မြို့မိမြို့ဖများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာတို့က ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနား သို့ တက်ရောက်ခဲ့သည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူလူထုများကို ပြည်နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် သတိပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်-မြန်မာ ချစ်ကြည်ရေး လွှတ်တော်အမတ်များအဖွဲ့နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ တွေ့ဆုံဆွေးနွေး

 ဂျပန်နိုင်ငံ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီရဲ့ ဂျပန်-မြန်မာချစ်ကြည်ရေး လွှတ်တော် အမတ်များအဖွဲ့နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား  ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ(၁၁)ရက်နေ့က ရန်ကုန်မြို့ ပါ့ခ် ရွိင်ရယ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ ရန်ပုံငွေအတွက် ဘောလုံးကန်သွင်းမှု စွမ်းရည်ပြိုင်ပွဲ

House .Com.mm မှကြီးမှူးပြီး Yangon united FC မှ အားကစားသမားများရဲ့ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့အတွက် ရန်ပုံငွေပွဲအဖြစ် ကျင်းပတဲ့ ဘောလုံးကန်သွင်းမှု စွမ်းရည်ပြိုင်ပွဲကို ဇူလိုင်လ(၁၃)ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အမျိုးသားစာပေဆုချီးမြှင့်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာရေးသူများ၊ စာပေထုတ်ဝေ/ဖြန့်ချိသူများနှင့် စာဖတ်ပရိသတ်များသို့ မေတ္တာရပ်ခံချက်

နိုင်ငံတော် အစိုးရသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး စာပေပညာရှင် ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသောစာအုပ်များကို ဘာသာရပ် (၁၆)မျိုး ခွဲခြားပြီး နှစ်စဉ် ချီးမြှင့်ပေးလျက် ရှိပါသည်။ နိုင်ငံတော်အဆင့် စာပေဆုဖြစ်သည့် အမျိုးသားစာပေဆုအတွက် အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီကို ပိုမိုမျှတမှုရှိစေရန်  လက်ရှိ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ခြင်းမရှိဘဲ လွတ်လပ်သော စာပေပညာရှင် အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းထားပါသည်။ ရွေးချယ်ရာတွင်လည်း ဆုရသင့်ရထိုက်တဲ့ စာအုပ်များရရှိစေရေးအတွက် ပဏာမအဆင့် ၊ ဆန်ကာတင် အဆင့် အတည်ပြု အဆင့်ဟူ၍ အဆင့် (၃)ဆင့် ပိုင်းခြား စီစစ်လျက် ရှိပါသည်။  အခုအခါ ထုတ်ပြန်ပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်စာရင်းတွင်  အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီအတွက် မပါရှိတော့ပါ။ သို့ပါ၍ ၂၀၁၄ခုနှစ်အတွင်း မိမိတို့ ရေးသားခဲ့သော ပထမအကြိမ် ထုတ်စာအုပ်များကို  အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီသို့ စာအုပ်(၄)အုပ်စီ ပေးပို့နိုင်ရေး ၂၀၁၄ခုနှစ် မေလ(၃၀)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ သို့ရာတွင် စာအုပ်ရရှိရေး အစီအမံ ပိုမို ပြည့်စုံစေရန် စာရေးဆရာများ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်တို့အတွက် စာပေထုတ်ဝေ ဖြန့်ချီသူများနှင့်  စာဖတ်ပရိသတ် (၁)ဦးချင်းတို့က အမျိုးသားစာပေဆုတွင် ထည့်သွင်းစဉ်းစား သင့်သည့် စာအုပ်များကို ဖြစ်စေ၊ စာအုပ်စာရင်းကိုဖြစ်စေ အကြံပြုချက်များက ပေးပို့လိုက ပေးပို့နိုင်ပါရန် ထပ်မံဖြည့်စွက် ဖိတ်ခေါ် အပ်ပါသည်။ အမျိုးသားစာပေဆု အတွက် ထည့်သွင်း  စဉ်းစားသင့်ကြောင်း  အကြံပြုလိုသည့် အဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်သည် စာအုပ်အမည်၊ စာရေးသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်၊ ထုတ်ဝေသည့် ခုနှစ်တို့ကို ဖော်ပြ၍ အောက်ဖော်ပြပါ လိပ်စာအတိုင်း ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးထား ပေးပို့သွားနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန်၊ အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉၊ စာတိုက်မှ ပေးပို့သူများအနေဖြင့် မှတ်ပုံတင်ပြုလုပ်ပြီး ပေးပို့ရန်ဖြစ်ကြောင်း သိရှိရပါသည်။

Sondag 13 Julie 2014

ကျောင်းနှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် မြ၀တီမြို့တွင် စုပေါင်းသစ်ပင်စိုက်ပျိုး

ကရင်ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့ အောင်မြေရွှေဘုံ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင်  ကျောင်းနှင့်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ (၁၃)ရက် နံနက် (၇)နာရီ က အဆိုပါ ကျောင်းဝင်းအတွင်းမှာ ကျင်းပကြောင်း သိရပါသည်။ အစီအစဉ်အရ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး အမှာစကား ပြောကြားကာ မြို့နယ် ပညာရေးမှူး ဒေါ်လှလှမြင့် က ကျေးဇူးတင်စကား ပြောကြားပါသည်။ ဆက်လက်ပြီး သစ်ပင်ပျိုးပင်များကို ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်ပညာရေးမှူး နဲ့ ကျောင်းအုပ်ဆရာမကြီး သို့ ပေးအပ်ပါသည်။ အဲဒီနောက် အရိပ်ရ လေကာပင် ပန်းအလှပင် စုစုပေါင်း (၂၄၅)ပင်ကို တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။

ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ ဝါဆိုပန်းခူးပွဲတော် အဖြစ် ဇင်းကျိုက်ရေတံခွန် နှင့် ကျောက်သင်္ဘော စေတီတွင် ဘုရားဖူး ဧည့်သည့်များဖြင့် အထူးစည်ကားလျက်ရှိ

ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ ဝါဆိုပန်းခူးပွဲတော် အဖြစ် ဇင်းကျိုက်ရေတံခွန် နှင့် ကျောက်သင်္ဘောစေတီတွင် ဘုရားဖူး ဧည့်သည့်များဖြင့် အထူးစည်ကားလျက် ရှိပါသည်။ ဇင်းကျိုက်ရေတံခွန်တွင် နေ့စဉ်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည့်များ အဆက်မပြတ် လာရောက်လျက်ရှိသော်လည်း ဝါဆိုလပြည့်နေ့နှင့် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးဧည့်သည်များ ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုများပြား လာသည်ဟုလည်း သိရပါသည်။ ဘုရားဖူး ဧည့်သည်များသည် ကျောက်သင်္ဘောစေတီသို့ သွားရောက်ကြည်ညိုပြီးနောက် ရေတံခွန်တွင် မိမိတို့ အဖွဲ့အလိုက် ရေကစားခြင်းများဖြင့် အထူးစည်ကားလျက် ရှိပါသည်။ 

လွိုင်ကော်မြို့ရှိ မြို့နာမ်စေတီတော်ကြီးတွင် ပန်း၊ ဆီမီးများ လာရောက်ပူဇော်သူများ အထူးစည်ကားလျက်ရှိ

ဝါတွင်းကာလရောက်ပြီဖြစ်၍ ဗုဒ္ဓဘာသာ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ရွှေကျောင်းတော်၊ သီရိမင်္ဂလာ တောင်ကွဲ စေတီတော် နှင့် မြို့နာမ်စေတီတော်ကြီးအစရှိ ဘုရားများသို့ ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်းနှင့် ဆီမီးများ လာရောက်ကပ်လှူ ကြပါသည်။ မြို့နာမ် စေတီတော်တွင်လည်း ဘုရားဖူးလာ မိဘပြည်သူများ အထူးစည်ကားလျက် ရှိနေသည်ကို အခုလို တွေ့မြင်ရမှာ ဖြစ်ပါသည်။ 

မိုင်းခုတ်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

 နယ်စပ်ဒေသရှိပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဆင်းရဲမှု လျော့ချနိုင်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျသဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခုတ်မြို့နယ်ခွဲရှိ ဝမ်းကောင်းကျေးရွာ နှင့် ပါမူကျေးရွာချင်းဆက် မြေသားလမ်းအရှည် (၃)မိုင်၊ အကျယ်ပေ (၂၀) ဖောက်လုပ်ရန်အတွက် နိုင်ငံတော်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ ကျပ် သိန်း (၃၆၀) ခွင့်ပြုချထားပေးခဲ့ပါသည်။အဆိုပါ လမ်းဖောက်လုပ်ရေး လုပ်ငန်းအဆင်ပြေချောမွေ့စေရေး၊ သတ်မှတ်စံချိန်စံညွန်းများနှင့် အညီအချိန်မီ ပြီးစီးရေးအတွက် မိုင်းဆတ်ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေး မှူးများ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊မြို့နယ်ခွဲဦးစီးမှူး နှင့်တာဝန်ရှိသူတို့သည် ဇူလိုင်လ (၁၂) ရက်နံနက်က လမ်းကြောင်းတစ်လျောက် သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများ၏ သောက်သုံးရေ လိုအပ်ချက်ကို သတ်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်နိုင်ငံ အမျိုးသားနေ့ သ၀ဏ်လွှာများပေးပို့

၂၀၁၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ကျရောက်သော ပြင်သစ်  သမ္မတ နိုင်ငံ၏ အမျိုးသားနေ့ အခါသမယမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ပြင်သစ်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဖရန်ဆွာ အိုလောန်ဒ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ထားပါသည်။ အလားတူ ၂၀၁၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ကျရောက်သော ပြင်သစ် သမ္မတ နိုင်ငံ၏ အမျိုးသားနေ့ အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပြင်သစ် သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မန်နျူရယ် ဗဲလ်စ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြင်သစ် နိုင်ငံအမျိုးသားနေ့ သ၀ဏ်လွှာပေးပို့

၂၀၁၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ကျရောက်သော ပြင်သစ်သမ္မတ နိုင်ငံ၏ အမျိုးသားနေ့ အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ လောရင့် ဖာဘီယပ်စ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘူတန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်ရန်သဘောတူ

မစ္စတာ ကီဆန် ဝမ်ဒီ အား ထိုင်းနိုင်ငံတွင် အခြေစိုက်လျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ဘူတန်နိုင်ငံ သံအမတ်ကြီး အဖြစ် ပူးတွဲ ခန့်အပ်ရန် အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ က သဘောတူညီပြီး ဖြစ်ပါတယ်။ မစ္စတာ ကီဆန်ဝမ်ဒီ သည် ဘူတန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ၁၉၈၂ခုနှစ်တွင် လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး  သိပ္ပံပညာ၊ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်များကို လေ့လာ ဆည်းပူး ခဲ့ပါတယ်။ ပြည်ပတာဝန်များ အဖြစ် မစ္စတာ ကီဆန်ဝမ်ဒီ သည် ၁၉၈၆-၁၉၉၁ ခုနှစ်အထိ အိန္ဒိယ နိုင်ငံရှိ ဘူတန်သံရုံးတွင် လည်းကောင်း၊ ၁၉၉၂-၁၉၉၈ ခုနှစ် အထိ အမေရိကန် ပြည်ထောင်စုရှိ ဘူတန် ကောင်စစ်ဝန်ချုပ်ရုံးတွင် လည်းကောင်း၊  ၂၀ဝ၂-၂၀ဝ၅ ခုနှစ်အထိ နီပေါနိုင်ငံရှိ တောင်အာရှ ဒေသဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအသင်း (ဆာ့ခ်) အတွင်းရေးမှူးချုပ်ရုံးတွင် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ သံအမတ်ကြီး အဖြစ် တာဝန် မထမ်းဆောင်မီ ၂၀၁၂ခုနှစ်ထိ ဘူတန်နိုင်ငံ ခရီးသွား လုပ်ငန်း ကောင်စီတွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ လက်ရှိတွင် မစ္စတာ ကီဆန် ဝမ်ဒီ သည် ထိုင်းနိုင်ငံဆိုင်ရာ ဘူတန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး ဩစတေးလျနှင့် စင်ကာပူ နိုင်ငံဆိုင်ရာ ဘူတန် သံအမတ်ကြီးအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ

ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့် ရရှိစေရန်အတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၁၂)ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ အထက (၁) ဘားအံ ခန်းမဆောင်မှာ ကျင်းပ ခဲ့ကြောင်း သတင်းရရှိပါသည်။

အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁၉)ကျောင်း အဆင့်တိုးဖွင့်ပွဲ

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ညောင်စွဲရပ်နှင့် အနီးအနားရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ အထက်တန်း ပညာကို လွယ်ကူစွာ သင်ကြားနိုင်ဖို့ အတွက် အခြေခံပညာ အလယ်တန်းကျောင်းကို အခြေခံပညာ အထက်တန်းကျောင်း ခွဲ အဖြစ်အဆင့် တိုးမြှင့်မှုကို ဇူလိုင်လ (၁၃)ရက်နေ့က အမှတ် (၁၉) အခြေခံပညာ အထက်တန်း ကျောင်းခွဲမှာ ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိ

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်လေ့လာ ဖူးမျှော်ကြသော ဘုရင်ညီနောင် လှိုဏ်ဂူတော်၊ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးနှင့် ကျောက်ကလပ် ဆံတော်ရှင် ဘုရားများသို့ သွားရောက်ဖူးမျှော် ကြည်ညိုပါသည်။  ဇူလိုင်လ(၁၂)ရက်နေ့ နံနက်တွင် ပြည်ထောင်စု ဝန်ကြီးသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့်အတူ ဘားအံမြို့နှင့် မြ၀တီမြို့ရှိ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုဖြစ်သော သရေခေတ္တရာ ပျူမြို့ဟောင်း ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဇူလိုင်လ(၁၁)ရက် ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုဖြစ်သော သရေခေတ္တရာ ပျူမြို့ဟောင်းသို့ ရောက်ရှိပြီး ရဟန္တာဂူဘုရား၊ ရဟန္တာကန်၊ ဘောဘောကြီးဘုရား၊ တူးဖော်မှု ကုန်းအမှတ်(၅၃)၊ လုလင်ကျော်မြို့ဝင်ပေါက် တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စု ဝန်ကြီးသည် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း ပြည်ရှိ ဆွေးနွေးပွဲ ခန်းမဆောင်တွင် ရှေးဟောင်းသုတေသန ဌာနမှ  ဝန်ထမ်းများအား တွေ့ဆုံပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် စိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဇူလိုင်လ(၁၃)ရက် နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် ရန်ကုန်-ပျဉ်းမနား ကားလမ်းဟောင်းအနီး ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်းချရန် အတွက် ကိုရီးယားနိုင်ငံမှ ပထမအသုတ် တင်ပို့ရောက်ရှိလာသော ပိန်းဥမျိုးများကို ထိုင်းနိုင်ငံ (Big-M) ကုမ္ပဏီမှ ပညာရှင် ဒေါက်တာမုန်ခိုးနှင့် အဖွဲ့က ဧကကွက် တစ်ကွက်ချင်းအလိုက် ဘောင်ဖော်နည်း စနစ်များဖြင့် စိုက်ပျိုးရန် ပြသရှင်းလင်းနေသည် များကို ကြည့်ရှုအားပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂျပန်နိုင်ငံမှ ပေးပို့ ရောက်ရှိလာသော (၄)လသား သက်တမ်းအရွယ်ရှိ ကန်စွန်းဥအနီမျိုးများအား မျိုးသန့်မျိုးပွား ဖြန့်ဖြူးပေးနိုင်ရန် စတင်တူးဖော် နေသော စိုက်ကွင်းသို့ ရောက်ရှိပြီး ဒေါက်တာမုန်ခိုးနဲ့အတူ ဈေးကွက်ဝင်စေရန် သိပ္ပံနည်းကျ စိုက်နည်းစနစ်များနှင့် စိုက်ပျိုးရန်နှင့် အရည်အသွေး ကောင်းထွက်ရှိရန် လိုအပ်သော နည်းစနစ်များကို ဆွေးနွေးကြပြီး ပထမအသုတ် စမ်းသပ်တင်ပို့ ရောင်းချရန်အတွက် တူးဖော်ပြီး အသင့်ဖြစ်နေသော ကန်စွန်းဥမျိုးများကို ကျေးရွာများသို့ အာမခံဈေးဖြင့် ဝယ်ယူမည့်စနစ်နှင့် ဖြန့်ဖြူးပေးရန် မှာကြားပါတယ်။ ထို့နောက် စိုက်ကွင်းဝန်ထမ်းများအား ကန်စွန်းဥနီမျိုးများကို စနစ်တကျ ဘောင်ဖော်စိုက်ပျိုးရန် ထိုင်းနိုင်ငံ ပညာရှင်များက လက်တွေ့ဆောင်ရွက် ပြသပါသည်။




ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း စင်ကာပူသမ္မတနိုင်ငံသို့ ရောက်ရှိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် စင်ကာပူသမ္မတနိုင်ငံသို့ ထွက်ခွာလာကြရာ ဒေသစံတော်ချိန် မွန်းလွဲ (၁၂)နာရီခွဲတွင် ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။



ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း စင်ကာပူသမ္မတနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြန်မာ-စင်ကာပူ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သို့ လေ့လာရန်အတွက် ဇူလိုင်လ(၁၃)ရက် နံနက်(၈)နာရီတွင် စင်ကာပူသမ္မတနိုင်ငံသို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး၊ စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံရုံး သံရုံးယာယီတာဝန်ခံ (Mr.William Chik Kam Weng) နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြပါတယ်။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှ ပညာရှင်များအားတွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှ ပညာရှင်များအား ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့ သတင်းအချက်အလက်နှင့် နည်းပညာ ဗဟိုဌာန (MICT Park) အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင် အသင်းတို့မှ  တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးဥပဒေနှင့် အဖွဲ့အစည်းများ၊ ကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ လက်ရှိအခြေအနေများ၊ အီး- ဂါးဗန့်မန့် ကဏ္ဍလုပ်ငန်းများ၊ ဆော့ဖ်ဝဲနှင့် အိုင်စီတီ ဝန်ဆောင်မှုကဏ္ဍ လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အကြံပြုတင်ပြချက် များကို ရှင်းလင်းတင်ပြပါသည်။ 

Saterdag 12 Julie 2014

ကျန်းမာရေး ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ကျန်းမာရေး ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၁၂)ရက်နေ့ နံနက် (၈)နာရီမှာ နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေး သဘာပတိ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင် တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။

(KHG Developmen) ၏ (Infinity) အဆင့်မြင့် ကွန်ဒိုမီနီယံ အဆောက်အဦ ပန္နက်ရိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကျင်းပ

 (KHG Developmen) ၏ (Infinity) အဆင့်မြင့် ကွန်ဒိုမီနီယံ အဆောက်အဦ ပန္နက်ရိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းတွင် အမှတ်(၇၇) ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပရာ (KHG Developmen) မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းဗညားက နှုတ်ခွန်းဆက် စကားပြောကြားပါတယ်။ အဲဒီနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် (KHG Developmen) ၏ တာဝန်ရှိ ပုဂ္ဂိုလ်များမှ (Piling Machine) အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပါတယ်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားလိုအပ်သည့် ကဏ္ဍများတွင် အသုံးပြုနိုင်ရန် အတွက် (KHG Developmen)  ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ ငွေကျပ်သိန်း(၁၀၀)အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် (Piling Machine)  ဖြင့် Piling ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး ခဲ့ကြပါတယ်။ အဆိုပါ အဆင့်မြင့် ကွန်ဒိုမီနီယံမှာ အထပ်ပေါင်း (၂၈)ထပ်ပါဝင်မှာ ဖြစ်ပြီး အခန်း(၁၄၈)ခန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များအား တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များအား ဇူလိုင်လ (၁၂)ရက် နံနက် (၁၁)နာရီ (၂၀) မိနစ် တွင်  ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများအား တွေ့ဆုံ

 လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဇူလိုင်လ (၁၂)ရက်  နံနက်(၇)နာရီတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ပညာရှင်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း များမှ ဆရာ ဆရာမများ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနှင့် ပျဉ်းမနားမြို့နယ်များမှ တောင်သူလယ်သမား များအား ဥတ္တရသီရိမြို့နယ် စက်စက်ယို ဆည်ရေသောက်စနစ် တဆက်တစပ်တည်း တောင်သူပညာပေး စိုက်ကွင်းများအတွင်း တွေ့ဆုံ၍ ထွက်ကုန်တစ်မျိုးစနစ် စိုက်ကွင်းများ ထူထောင်ပြီး တောင်သူများ ဝင်ငွေတိုးတက်စေရန်နှင့် နိုင်ငံ၏လယ်ယာကဏ္ဍ တိုးတက်စေရန် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို စိုက်ကွင်းအတွင်း ရှင်းလင်းပါသည်။