Maandag 14 Julie 2014

အမျိုးသားစာပေဆုချီးမြှင့်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် စာရေးသူများ၊ စာပေထုတ်ဝေ/ဖြန့်ချိသူများနှင့် စာဖတ်ပရိသတ်များသို့ မေတ္တာရပ်ခံချက်

နိုင်ငံတော် အစိုးရသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး စာပေပညာရှင် ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသောစာအုပ်များကို ဘာသာရပ် (၁၆)မျိုး ခွဲခြားပြီး နှစ်စဉ် ချီးမြှင့်ပေးလျက် ရှိပါသည်။ နိုင်ငံတော်အဆင့် စာပေဆုဖြစ်သည့် အမျိုးသားစာပေဆုအတွက် အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီကို ပိုမိုမျှတမှုရှိစေရန်  လက်ရှိ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ခြင်းမရှိဘဲ လွတ်လပ်သော စာပေပညာရှင် အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းထားပါသည်။ ရွေးချယ်ရာတွင်လည်း ဆုရသင့်ရထိုက်တဲ့ စာအုပ်များရရှိစေရေးအတွက် ပဏာမအဆင့် ၊ ဆန်ကာတင် အဆင့် အတည်ပြု အဆင့်ဟူ၍ အဆင့် (၃)ဆင့် ပိုင်းခြား စီစစ်လျက် ရှိပါသည်။  အခုအခါ ထုတ်ပြန်ပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်စာရင်းတွင်  အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီအတွက် မပါရှိတော့ပါ။ သို့ပါ၍ ၂၀၁၄ခုနှစ်အတွင်း မိမိတို့ ရေးသားခဲ့သော ပထမအကြိမ် ထုတ်စာအုပ်များကို  အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီသို့ စာအုပ်(၄)အုပ်စီ ပေးပို့နိုင်ရေး ၂၀၁၄ခုနှစ် မေလ(၃၀)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ သို့ရာတွင် စာအုပ်ရရှိရေး အစီအမံ ပိုမို ပြည့်စုံစေရန် စာရေးဆရာများ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်တို့အတွက် စာပေထုတ်ဝေ ဖြန့်ချီသူများနှင့်  စာဖတ်ပရိသတ် (၁)ဦးချင်းတို့က အမျိုးသားစာပေဆုတွင် ထည့်သွင်းစဉ်းစား သင့်သည့် စာအုပ်များကို ဖြစ်စေ၊ စာအုပ်စာရင်းကိုဖြစ်စေ အကြံပြုချက်များက ပေးပို့လိုက ပေးပို့နိုင်ပါရန် ထပ်မံဖြည့်စွက် ဖိတ်ခေါ် အပ်ပါသည်။ အမျိုးသားစာပေဆု အတွက် ထည့်သွင်း  စဉ်းစားသင့်ကြောင်း  အကြံပြုလိုသည့် အဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်သည် စာအုပ်အမည်၊ စာရေးသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်၊ ထုတ်ဝေသည့် ခုနှစ်တို့ကို ဖော်ပြ၍ အောက်ဖော်ပြပါ လိပ်စာအတိုင်း ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးထား ပေးပို့သွားနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန်၊ အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉၊ စာတိုက်မှ ပေးပို့သူများအနေဖြင့် မှတ်ပုံတင်ပြုလုပ်ပြီး ပေးပို့ရန်ဖြစ်ကြောင်း သိရှိရပါသည်။

Geen opmerkings nie:

Plaas 'n opmerking