Vrydag 11 Julie 2014

၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် ၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်(၁၀)ရက်နေ့ မနက်(၉)နာရီက စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ ကျင်းပပါသည်။ ရှေးဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးက တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြပါသည်။ ထို့နောက်  ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် ပညာရေးဌာနသို့ ပညာရေး စေတနာရှင် များက အလှူငွေများ ပေးအပ်ရာ လက်ခံရယူပြီး ထူးချွန်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးတို့က (၆)ဘာသာ ဂုဏ်ထူးရှင် နှစ်ဦးအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အား၎င်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့က (၅)ဘာသာ ဂုဏ်ထူးရှင်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အား၎င်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူတို့က (၄)ဘာသာ၊ (၃)ဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အောင်ချက် အကောင်းဆုံးဆု၊ ကျောင်းအောင်ချက် အကောင်ဆုံးဆု၊ (၆)ဘာသာ ဂုဏ်ထူးဆုရ ကျောင်းဆုနှင့် (၆)ဘာသာ ဂုဏ်ထူးရအောင် သင်ကြားသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြပါတယ်။ ထို့နောက် ၂၀၁၄ ခုနှစ် တက္ကသိုလ် ဝင်တန်းတွင် (၆)ဘာသာ ဂုဏ်ထူးရှင် မောင်ညိုဝင်းက ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။ 

Geen opmerkings nie:

Plaas 'n opmerking